အရှင်အာစိဏ္ဏ

ကရင်ပရိယတ္တိကျောင်းတိုက်

ဗဟန်း၊ရန်ကုန်

၁။ ။ စောအုန်းမောင်မှ ရှင်အာစိဏ္ဏသို့။

ဧရာဝတီတိုင်း မအူပင်ခရိုင် မအူပင်မြို့နယ် လေးအိမ်စုကျေးရွာနေ ဦးမောင်ကံ ဒေါ်မေတင်တို့တွင် သားသုံးယောက်ç သမီး နှစ်ယောက်ဟူ၍ သားသမီး ငါးဦးရှိ၏။ အကြီးဆုံးသားမှာ မြန်မာသက္ကရာဇ် ၁၂၉၅ခု တပေါင်းလဆုတ် ၁၂၊ ခရစ်နှစ် ၁၉၃၄ခု မတ်လ ၁၁-ရက် တနင်္ဂနွေနေ့ဖွါး စောအုန်းမောင် ဖြစ်၏။ ထိုစဉ်က လေးအိမ်စုတွင် ယခုလို အလယ်တန်းရော အထက်တန်းကျောင်းပါ မရှိသေးပါ။ ဆရာမကြီးနော်လှမယ်၏ မူလတန်းကျောင်းတစ်ကျောင်းတည်းသာ ရှိသေး၏။ ဤကျောင်းမှ ငါးတန်းအောင်မြင်လာပြီးနောက်၊ တက္ကသိုလ်ဘွဲ့ ရလာသည်အထိ အခွင့်အရေးရ၍၊ ဆက်လက်ကျောင်းတက်ဖို့ အတန်တန်တိုက်တွန်းလာကြသည်ကို ငြင်းပယ်ပြီး၊ သာသနာ့ဘောင်ဝင်ဖို့ပဲ ဆုံးဖြတ်၏။ သို့သော် အခက်အခဲတစ်ခုမှာ ဘခင်ဖြစ်သူ၏ ကျန်းမာရေးက အတော်ညံ့နေခြင်း ဖြစ်၏။ သို့ဖြင့်၊ ထိုနှစ်က အတူတကွ ကိုရင်ဝတ်ဖို့ တိုင်ပင်ထားကြသည့် အခြား သူငယ်ချင်းနှစ်ယောက်တို့က အချိန်တန်၍ ကိုရင်ဝတ်သွားကြပေမင့်၊ ကိုယ်က မ၀တ်ရဘဲ ရှိနေ၏။ သို့ဖြစ်၍ အိပ်မက်ထဲမှာသော်မှ ၀မ်းနည်းပက်လက် မျက်ရည်ထွက်ရပြီး၊ အိပ်ရာမှ လန့်နိုးသောအခါ ခေါင်းအုံးတစ်ပြင်လုံး မျက်ရည်တို့ဖြင့် စိုရွှဲနေပါ၏။ နောက်တစ်နှစ်တွင်မူ၊ ဖခင်၏ ကျန်းမာရေးက အတော်အသင့်ကောင်းလာ၏။ သို့အတွက် ငါ့ကိုမငဲ့တော့နဲ့၊ မင်းရဲ့တိုးတက်ရေးအတွက် ကိုရင်ဝတ်ပေတော့ဟူ၍ ဖခင်က ခွင့်ပြုလာ၏။ မာတာပိတုဂုဏော အနန္တောပါပေ။

သို့အတွက် ရှင်ပြုစဉ်ကတည်းက ကြည်ညိုလေးစားလာရသည့် လေးအိမ်စုဆရာတော်ဘုရားကြီးဦးရေ၀တ လက်ရှိသီတင်းသုံးသာသနာပြုနေရာ ရန်ကုန်မြို့ ၅၃လမ်းရှိ စတုဘုမ္မိကကျောင်းသို့၊ နောင်အခါ ကျိုက်လတ်မြို့ စတုဘုမ္မိကကျောင်းဆရာတော် ဖြစ်လာသူ ဦးပဉ္စင်းဦးနန္ဒိယနှင့်အတူ လိုက်ပါလာခဲ့၏။ နောက်၊ လေးအိမ်စုဆရာတော်ကြီးနှင့် နံယောဆရာတော်ဘုရားကြီး ဦးဇာဂရတို့၏ အစီအစဉ်၊ÿ ရေကျော်လမ်းရှိ ရှင့်အမကြီးဒေါ်စောရွှေတို့၏ အထောက်အပန့်တို့ဖြင့် စောအုန်းမောင်ဘ၀မှ ရှင်အာစိဏ္ဏဟူသော ကိုရင်ဘွဲ့ဖြင့် သာသနာ့ဘောင်တွင်းသို့ ရောက်ရှိလာခဲ့ပါ၏။

နောက်၊ ၀ါဝင်ချိန်နီးလာ၏။ သို့အတွက် အစီအစဉ်အရ နံယောဆရာတော်ကြီးက မန္တလေးသို့၊ လေးအိမ်စုဆရာတော်ကြီးက လေးအိမ်စုရွာသို့ သာသနာပြုကိစ္စများဖြင့် အသီးသီး)ကသွားတော်မူကြ၏။ ဦးပဉ္စင်းဦးနန္ဒိယကား ၅၃-လမ်းကျောင်းတွင် သီတင်းသုံးနေရစ်ကာ ပို့ချပေးနေသည့် အခြေခံစာပေများကို ရှင်အာစိဏ္ဏတို့ ကိုရင်ကျောင်းသားများ ကျက်မှတ်သင်ကြားနေကြ၏။ ဤအချိန်ကာလများတွင် တိုင်းပြည်မငြိမ်မသက် ဆူပူသောင်းကျန်းနေ၏။ ရန်ကုန်အစိုးရဟု အခေါ်ခံရသည်အထိ အခြေအနေက အုပ်ချုပ်ရေး ပျက်ပြားနေ၏။ သို့အတွက်၊ ရွာရှိ ဖခင်နှင့်အတူနေသူ ဘွားအေ၏အမိန့်ဖြင့် ဖခင်ကရန်ကုန်တက်လာပြီး၊ မိမိကို ရွာသို့ ပြန်ခေါ်သွား၏။ ဆရာတော်ကြီး ဆက်လက်ပို့ချပေးသည့် စာများကို မိမိဆက်လက် ကျက်မှတ်သင်ကြားနေ၏။ သို့ဖြင့် ၀ါကျွတ်လာ၏။ တစ်နေ့မနက်တွင် ခါတိုင်းလို ကိုယ်စာကျက်နေ၏။ ထိုအချိန်တွင် ကိုယ့်တကာကြီးက သူယူလာသော ကိုယ်၏ ပုဆိုးအင်္ကျီများကို ကိုယ့်အနား လာချထားပြီး၊ ဆရာတော်ကြီးအထံသို့ သွား၏။ စာကျက်နေသော ကိုယ့်အဖို့ စိတ်ထဲ မသင်္ကာစရာ ဖြစ်နေခဲ့ရ၏။ တစ်အောင့်အကြာတွင် ဆရာတော့်ထံမှ ပြန်လာသော တကာကြီးက ကိုယ့်ကို ဘာမျှမပြောတော့ဘဲ ပုဆိုးအင်္ကျီများကို ပြန်ယူသွား၏။ သူ့အမေကို ကြောက်ရသော တကာကြီးက ကိုယ့်ကို လူထွက်ခိုင်းဖို့ လာပြောခိုင်းကြောင်း သိရှိရသော ဆရာတော်ကြီးက ကျိုးကြောင်းရှင်းပြ ပြောဆိုကန့်ကွက်လိုက်သည့်အတွက်ကြောင့် စကားနည်းသော တကာကြီးက ကိုယ့်အား ဘာမျှမပြောတော့ဘဲ ပြန်သွားခြင်း ဖြစ်သည်ဟု သိရှိရ၏။ ဤသည်မှာ အာစရိယဂုဏော အနန္တောပင် ဖြစ်၏။ သို့မဟုတ်ပါက ဤကျမ်းစာအုပ်များကို ရေးသားပြုစုမည့် အရှင်အာစိဏ္ဏဆိုသူလည်း ပေါ်ထွန်းလာမည် မဟုတ်၊ ဖတ်ရှုနိုင်မည့် ဤကျမ်းစာအုပ်များကိုလည်း (ကောင်းတာမကောာင်းတာ အပထား) တွေ့မြင်၊ ဖတ်ရှုကြရမည် မဟုတ်ပါချေ။ ၁၃၁၀-ခုနှစ် အချိန်က ဖြစ်၏။

နောက်၊ သီတင်းဝါလလည်း ကျွတ်လာပြီ၊ နိုင်ငံ့အခြေအနေကလည်း အတန်ငယ်ပြန်လည်တိုးတက်လာပါပြီ။ သို့အတွက် လေးအိမ်စုမှ ရန်ကုန်သို့ ပြန်လာရ၏။ လပိုင်းလောက် ကြာမြင့်လာပြီးနောက်၊ ဆရာတော်ကြီးများ၏အစီအစဉ်အရ၊ ကွမ်းခြံကုန်းမြို့ အရှေ့ပိုင်းရှိ ပါရမီစံကျောင်း တိုက်သို့ ပြောင်းရွှေ့လာရ၏။ ထိုစဉ်က ကွမ်းခြံကုန်းသို့သွားသည့် မော်တော် မရှိပါ။ ကားလည်း မရှိ၊ သင်္ဘောလည်း မခုတ်သေးပါ။ သို့အတွက် မော်တော်ဖြင့် ရန်ကုန်မှ သခွတ်ဝ၊ ထိုမှ ၀ါးဘလောက်သောက်။ နောက် ကော့မှူး၊ ကွမ်းခြံကုန်းတို့သို့ ကားဖြင့်လာကြရ၏။ကားလမ်းက မြေသားလမ်း၊ တစ်ဘက်မြင့် တစ်ဘက်နိမ့်ဖြင့် စီးရသည့်ကားမှာ တစ်ခြမ်းစောင်းကြီး ဖြစ်နေ၏။ ဘုရားတ အသက်အောင့်ပြီး လိုက်ပါစီးနင်းလာရ၏။ကွမ်းခြံကုန်းမှ ရန်ကုန်ရှိ ၅၃-လမ်း ကျောင်းမှာ စစ်ဘေးလာရှောင်နေသူ ကျောင်းတကာကြီး ဦးဘအို၏တပည့် ကိုလှခင်က်လိုက်ပို့သူ။ ဦးဘအိုသည် ကွမ်းခြံကုန်းမြို့၏ သမာဓိတရားသူကြီးလည်း ဖြစ်၊ ပါရမီစံကျောင်းတိုက်ကြီး၏ ဂေါပကအဖွဲ့ဥက္ကဋ္ဌလည်း ဖြစ်ပါ၏။ ပြောရပါဦးမည်။ မြို့မျက်နှာဖုန်း၊ သမာဓိတရားသူကြီး၊ ကျောင်းတကာသူဌေးကြီးဆိုပေမင့်၊ အစစအရာရာကို ကျောင်းအမကြီးဒေါ်တင့်က ကွပ်ကဲ၊ စီမံ၏။ တစ်ခုခု စီမံပြီးစီးလာသောအခါ၊ ကိုဘအို ကျွန်မက ဒီလိုဒီလို စီစဉ်ထားတယ်၊ ကိုဘအို ဘာပြောချင်သေးလဲဟု မေးလာတတ်၏။ ထိုအခါ ကျောင်းတကာကြီး၏ ပြောနေကျ လက်သုံးစကားမှာ၊ မတင့်သဘော ကိုဘအို မပြော ဟူ၏။

ဤပါရမီစံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်မှာ အရှင်အာသဘာဘိလင်္ကာရ ဖြစ်၏။ ၀ိနည်းသိက္ခာပုဒ် အလွန်လေးစား၏။ တစ်နေ့တာအတွက် စာဝါခုနစ်ဝါအထိ ပို့ချ၏။ ထွင်Óဏ်ရှိ၏။ စာမေးပွဲအောင်ချက် ကောင်း၏။ ထို့ကြောင့် စာသင်သား လေးဆယ်ကျော်၊ ငါးဆယ်အထိ ရှိနေခဲ့၏။ ကွမ်းခြံကုန်း၏ မြို့မျက်နှာဖုံး ဖြစ်နေခဲ့၏။ ဤကျောင်းတိုက်တွင် ရှင်အာစိဏ္ဏသည် ငါးနှစ်ကျော်ကာလ၊ ပထမလတ်တန်း အောင်ပြီးအထိ နေထိုင်၊ စာသင်ခဲ့၏။ ဤကျောင်းတိုက်သို့ ရောက်ရှိခါစအချိန်က ဖြစ်ရပ်တစ်ခု ဖြစ်ရှိခဲ့၏။ ရောက်ရှိလာစသာရှိသေးသော်လည်း အတန်းကျောင်းမှထွက်လာသူလည်း ဖြစ်၊ စာကြိုးစားသူဟူ၍လည်း ထင်မှတ်ထားကြရော့သလား၊ မသိ။ သဒ္ဒါနှင့် သဂြိုဟ်တို့ကို အစမှ စတင်၍ သဒ္ဒါတစ်ဝါ၊ သဂြိုဟ်တစ်ဝါဖြင့် လုံးဝမသင်ဘူး မကြားဘူးသော စာဝါနှစ်ဝါအပြင် ကာရကပိုင်းရောက်နေသော သဒ္ဒါတစ်ဝါကိုပါ လူဟောင်းကြီးတွေနှင့်အတူ လိုက်ပါတွဲဖက်၍ စာတက်စေသည့်အတွက်၊ မိမိမှာ ကုလားစကားကို ကြားရနာရသလိုကြီး ဖြစ်နေပါ၏။ နားမလည်နိုင်အောင် ဖြစ်နေ၏။ သို့သော်၊ အားကျမခံ ကြိုးစားပါ၏။ ဆယ်ကိုးရက်ကြာ ကြိုးစားသော်လည်း နားမလည်နိုင် ဖြစ်နေ၏။ ဆက်ကြိုးစားပါ၏။ မထူး။ သို့ဖြင့် လူကလည်း အတော်ခိုက်နေပါပြီ။ ပင်ပမ်းနေပါပြီ။ သို့ဖြင့် ကြံမိကြံရာ ထွက်ပြေးဖို့ စိတ်ကူးရလာ၏။ အပြန်ပြန်အလှန်လှန် စဉ်းစား၏။ နောက်ဆုံးတွင် ဆရာမကြီးနော်လှမယ် ဆုံးမထားသောစကားကို သတိရလာ၏။ ယောင်္ကျားဆိုတာ သေကာမှ လျှော့၊ မသေးမချင်း အရှုံးမပေး၊ ဆက်ကြိုးစားရမယ်။ ပြည်သူ့နီတိသင်ပေးရင်းနှင့် မဟာဇနကဇာတ်လမ်းကို ပြောပြနေသော ဆရာမကြီး၏ ဆုံးမစကားကို နားထဲကြားယောင်လာမိ၏။သို့ဖြင့် ဆက်ကြိုးစားမယ်ကွာဟူ၍ ယတိပြတ်ဆုံးဖြတ်ပြီး၊ ကျားပိန်တွယ်တွယ်ကာ ကြိုးစားလာခဲ့သည့်အတွက်သာ ဤအချိန်ဤအခါတွင် ယခုလို ဖြစ်လာရခြင်းပါလေ။ ဤသည်မှာလည်း အာစရိယဂုဏော အနန္တောပင် မဟုတ်ပါလား။

၂။ ။ရှင်အာစိဏ္ဏမှ အရှင်အာစိဏ္ဏသို့။

သို့ဖြင့်၊ ၁၃၁၅-ခုနှစ် နယုန်လကွယ်နေ့ နံနက် ၇-နာရီ ၁၅-မိနစ်အချိန်မှာ၊ ရန်ကုန်မြို့ ဗိုလ်တစ်ထောင် စေတီတော်ဝင်းအတွင်းရှိသိမ်တွင်၊ မအူပင်မြို့နယ် ထနီးသုံးခွရွာ စတုဘုမ္မိကကျောင်းတိုက် ဆရာတော်ဘုရားကြီးဦးပညာက ဥပဇ္ဈာယ်။ နံယောဆရာတော်။ လေးအိမ်စုဆရာတော်။ ကွမ်းခြံကုန်းဆရာတော် အရှင်အာသဘအမှူးရှိသော ကမ္မ၀ါစာစရိယ။ ကာရကသံဃာများ၏ အချီးအမြှောက်။ ရဟန်းအမကြီး ဒေါ်စောရွှေတို့၏ အထောက်အပံ့တို့ဖြင့် သာသနာ့ဘောင်တွင်းသို့ အရှင်အာစိဏ္ဏဟူသော ရဟန်းပဉ္စင်းအဖြစ်ဖြင့် ရောက်ရှိလာခဲ့ပါ၏။

ယင်းသို့ ရဟန်းဖြစ်လာရသည်မှာလည်း အလွယ်တကူ မဟုတ်ပါ။ မိမိ၏ ဖခင်ကြီးမှာက ကျန်းမာရေးက အကောင်းစားကြီးမဟုတ်ပါ။သို့ဖြစ်၍ မိမိကလွဲလျှင် သားထောက်သမီးခံတစ်ဦး ရှိဖို့လိုအပ်၏။ ဂျပန်ခေတ်က ဖြစ်၏။ မိမိအောက်က ယောင်္ကျားလေးနှစ်ယောက်နှင့် မိန်းကလေး တစ်ယောက်တို့မှာ အတော်ခပ်စောစောကပင် ဆုံးသွားကြပြီ ဖြစ်၏။ အငယ်ဆုံးမိန်းကလေး ဆုံးသွားပြီးနောက် များမကြာမီပင် မိခင်ကြီးကလည်း ဆုံးသွားခဲ့ပြီဖြစ်၏။ ကျန်ရှိသူသားအဖနှစ်ယောက်မှာသော်မှ မိမိလည်း တစ်လခွဲကျော်ကြာ အပြင်းအထန်ငှက်ဖျားထိ၍ မသေယုံတစ်မည် ရှိ၏။ ဖခင်ကလည်း ထုံတစိုနာဖြင့် တရောင်ရှောင်ဖြစ်နေ၏။ သို့ဖြစ်၍ သားတကွဲမယားတကွဲ ဖြစ်နေသည့် သူ့ညီ၏ သားသမီးငါးယောက်ကို ခေါ်ယူစောင့်ရှောက်၏။ အဖေါ်ရတန်ကောင်းရဲ့ဟူ၍ ရည်ရွယ်၏။ သို့သော်၊ ထင်သလို မဟုတ်။ဖရိုဖရဲဖြင့် သူ့မိခင်ဖြစ်သူ ကိုယ့်အဘွားကြီးနှင့်သာ သားအမိနှစ်ယောက် အတူကျန်ရှိနေ၏။ ဤအခြေအနေတွင် တစ်သက်လုံးရဟန်းဝတ်ဖို့ အဘွားက ကိုယ့်ကိုခွင့်မပြုချင်ဟု ဆိုထား၏။ ကိုယ့်ကလည်း လူမထွက်ချင်၊ တစ်သက်လုံး ၀တ်ချင်၏။ ရဟန်းခံရချိန်နီးကပ်လာသောအခါ၊ ဤအရေးအတွက် ဆွေးနွေးနေသူများမှာ အဘွားရယ်။ အဖေရယ်။ အဖေ့အစ်ကိုကြီးရယ်။ ၀မ်းကွဲအမနှစ်ယောက်တို့ရယ်။ ကိုယ်ရယ်တို့ ဖြစ်ကြ၏။ အဘွားကြီးကို အားလုံးက ကြောက်ကြ၏။ ဒေါသကြီးသည်ဟု နာမည်ရထားသူ ဖြစ်၏။ ဘယ်သူမှ ဘာမျှမပြောကြ။ တိတ်ဆိတ်နေ၏။ ဘာဆုံးဖြတ်ချက်မျှ မကျ။ အတော်ကလေးကြာသွား၏။ ကိုယ်လည်း ဘာလုပ်လို့ ဘာပြောရမှန်း မသိ။ သို့ဖြင့် မျက်ရည်တို့က တတွေတွေကျလာ၏။ နောက် ငိုသံ ထွက်လာ၏။ တစ်အောင့်အကြာတွင် အဖေ့အစ်ကို ကိုယ့်ဘကြီးက တိုးတိတ်ဖြည်းညှဉ်းစွာဖြင့် ယခုလိုပြောလာ၏။ ကိုရင်၊ ရဟန်းခံစရာရှိတာ စိတ်အေးလက်အေး ရဟန်းခံပါ၊ ၀တ်ပါ။ ကိုရင့်အဘွားနှင့် အဖေအတွက် တပည့်တော်တို့ရှိတယ်။ ကိုရင့်အကိုအမတွေလဲ ရှိပါတယ်။ပဉ္စင်းတက်စရာရှိတာသာ တက်ပါ၊ နောက်ပိုင်းအတွက် ဘာမှ မပူပါနဲ့တဲ့။ အဘွားကြီးလဲ ဘာမျှမပြောတော့ပါ။ ၀မ်းသာလိုက်သည့်ဖြစ်ခြင်း။ ဘကြီးဂုဏော အနန္တောဟု ဆိုရပါတော့မည်။ ဘကြီးနာမည်မှာ ဦးငတူး။ ထို့ကြောင့် သာသနာ့ဘောင်ရောက်လာသည့် မိမိနောက်ကြောင်းကို ပြန်လည်သတိရသည့်အခါ၊ မျက်ရည်တို့ဖြင့် ရင်းနှီးရသောဘ၀ဟု ဆိုရမလိုပါပဲ။

သို့ဖြင့် ဆရာတော်အရှင်အာသဘက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ပါဠိတက္ကသိုလ်ဆုတောင်းပြည့်ကျောင်းတိုက်သို့ ကိုယ်တိုင် လိုက်ပါ၊အပ်နှံပေး၏။ထိုအချိန်က ဆုတောင်းပြည့်တိုက်သည် နိုင်ငံတွင်းရှိ စာမေးပွဲအောင်ချက်ကောင်းသည့်စာသင်တိုက် ရှစ်တိုက်အနက် တစ်တိုက်ဖြစ်၏။ ၁၃၁၆ခု၊ ၁၉၅၅-ခုနှစ်ဆီကဖြစ်၏။ ဤကျောင်းတိုက်တွင် နေထိုင်ပြီး စာလိုက်၊ ဖြေဆိုခဲ့ရာ ၁၃၁၆-ခုနှစ်တွင် ပထမကြီးတန်း၊ ၁၃၁၇-ခုနှစ်တွင် ပါရာဇိကဏ်နှင့် သံယုတ်ဂုဏ်ထူး။ ၁၃၁၈-ခုနှစ်တွင် သီလက္ခန်နှင့် အဋ္ဌသာလိနီကျမ်းတို့ကို ဖြေဆိုအောင်မြင်ပြီး၊ ဓမ္မာစရိယဘွဲ့ ရရှိလာခဲ့ပါ၏။

ထို့နောက်၊ ဆရာတော်အရှင်အာသဘ၏ အစီစဉ်ဖြင့် ကွမ်းခြံကုန်းမြို့တွင် တစ်နှစ်တာ ပြန်လည်၍ စာချပေး၏။ နောက်၊ ပါဠိဂုဏ်ထူး ဖြေဆိုရေးအတွက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေနံ့သာရပ်ကွက်၊ ရွှေတိဂုံစေတီတော် အရှေ့မုခ်အုတ်လမ်းရှိ ကရင်ပရိယတ္တိကျောင်းတိုက်သို့ လေးအိမ်စုဆရာတော်ကြီးက လိုက်ပါ၊ ပို့ဆောင်၊ အပ်နှံပေးတော်မူ၏။ စာချတန်းအောင်တော့ အသက် ၂၂-နှစ်ပဲ ရှိသေး၏ သကျသီဟနှင့် စေတီယင်္ဂဏစာမေးပွဲများအတွက် အသက်က မှီ၏။ သို့သော်၊ ကျက်စာတွေများသော မေးပွဲတွေမို့ အခြေအနေ မပေး။။ ငယ်လတ်ကြီးတို့အတွက် ကြိုးစားခဲ့စဉ်က အပြိုင်အဆိုင် အဆင်အခြင် မရှိ၊ မသိဘဲ၊ တစ်အားအော်ပြီး စာကျက်ခဲ့တာတွေကြောင့် လေအားယုတ်ပြီး၊ ခပ်ကျယ်ကျယ်သော်မှ စကားမပြောနိုင်တော့လောက်အောင် လေအားယုတ်သွားသောကြောင့်ဖြစ်၏။

၁၃၂၀-ခုနှစ်က ဖြစ်၏။ ဤကျောင်းတွင် နေထိုင်ပြီး စာချပေးနေရင်းက ညောင်းတုန်းပါဠိတက္ကသိုလ်တွင် ပါဠိဂုဏ်ထူးအတွက် စာလိုက်မည်ဟူသော စိတ်ကူးအစီစဉ်ထားခဲ့ပါ၏။သို့သော် လောလောဆယ်မှာ အကောင်အထည် မပေါ်ခဲ့ပါ။ ထိုစာဝါကို ပို့ချပေးမည့် စာချဘုန်းကြီးမှာ အကြောင်းတစ်ခုဖြင့် ကျောင်းတိုက်မှာ မနေတော့သည့်အတွက်ကြောင့် ဖြစ်၏။သို့ဖြစ်၍ တစ်ဘက်က စာချပေးရင်း၊ တစ်ဘက်ကလည်း ကိုယ့်အတွက် စာကြည့်ပြီး စာမေးပွဲဖြေဆို၏။ သုံးနှစ်ဆက်တိုက်ဖြေဆို၏။ မအောင်။ နည်းမသိသောကြောင့်ဟု ဆိုရပါမည်။ သို့ဖြင့် ကရင်ပရိယတ္တိသို့ မိမိရောက်ရှိနေသည်မှာ နှစ်နှစ်ရှိလာ၏။ ထိုအခါ ကျောင်းတိုက်နာယက ဆရာတော်ဦးဓမ္မာနန္ဒ ပျံလွန်တော်မူ၏။ မိမိကို ကျောင်းတိုင်နာယကတာဝန်ယူဖို့ ဆိုလာကြ၏။ လက်မခံခဲ့ပါ။ လူကြီးဖြစ်လာရင် ဆရာလုပ်ရတော့မည်။ တပည့်ခံရဖို့ ပညာသင်ရဖို့ အခွင့်အရေး ဆုံးရှုံးရတော့မှာ မလိုလား၍ ဖြစ်ကြောင်း ပြောပြ၊ ငြင်းပယ်ရ၏။ ထိုအချိန်က ဤကရင်ပရိယတ္တိကျောင်းတွင် နေထိုင်ဖူးပြီး အလည်အပတ်ရောက်ရှိနေသော ဘုန်းကြီးဦးရာဇိန္ဒကို မိမိကဦးဆောင်ပြီး ကျောင်းထိုင်အဖြစ် တင်မြှောက်လိုက်ကြ၏။ အချိန်ကာလမှာ ၁၃၂၂-ခု၊ ၁၉၆၁-ခု ဖြစ်၏။ ဤနှစ်တွင် ညောင်တုန်း ပါဠိတက္ကသိုလ်ကျောင်းတိုက် တိုက်အုပ်ဆရာတော် အရှင်ခေမိန္ဒာဘိဝံသက ပါဠိပါရဂူတန်းအတွက် စာချပေး၏။ သို့အတွက် ထိုဆရာတော့်အထံတွင် စာလိုက်ပြီး ဖြေဆိုရာ ပါဠိပါရဂူတန်းကို အောင်မြင်လာခဲ့ပါ၏။

၃။ ။ပရိယတ်မှသည် ပဋိပတ်သို့။

ဤအချိန်ကာလအတွင်းမှာပင် မအူပင်မြို့အထက်ဘက်ရှိ ဆိပ်သာရွာတွင် သီတင်းသုံးနေထိုင်နေသည့် ဘုန်းကြီးဦးဝိသုဒ္ဓသည် မိမိကိုယ်တိုင်လည်း တရားအားထုတ်သလို သူတစ်ပါးကိုလည်း ပြောဟောပြသလျက် ရှိ၏။ ထိုဘုန်းတော်ကြီးနှင့် မိမိတို့မှာ ဆရာတူတပည့်ချင်း ဖြစ်ကြ၊ ရင်းနှီးကြ၏။ မိမိသည် စိတ်က သိပ်မငြိမ်။ လူထွက်ချင်သလိုလို မထွက်ချင်သလိုလိုဖြင့် မတင်မကျကြီး ဖြစ်နေတတ်၏။ သို့ဖြင့် တစ်နှစ်တွင် အစမ်းသဘောဖြင့် ထိုဆရာတော့်အထံသို့ သွားရောက်၊ တရားအားထုတ်၏။ မကြာပါ။ သုံးရက်ထည်းပါ။ သို့သော်၊ အတော့်ကို ကျေးဇူးများလှပါ၏။ လူထွက်ဖို့မထွက်ဖို့ မစဉ်းစားတော့ဘူး။ လုပ်စရာရှိတာတွေပဲ လုပ်တော့မယ်ဟု ယတိပြတ် ဆုံးဖြတ်လိုက်၏။ ဤသည်မှနေ၍ ယခုလိုဖြစ်လာရပါ၏။ ဤအဆက်အစပ် ရှိခဲ့ခြင်းပဲဖြစ်မည်ဟု ထင်ရပါ၏။ ပါဠိဂုဏ်ထူးဖြေဆိုရေးအတွက် ဗဟန်းသို့ရောက်နေသည့် မိမိသည် စာမဖြေဖြစ်သည့် တစ်နှစ်ဆီက ဘားအံဇာတိဖြစ်သူ ဆိပ်သာဆရာတော်သည် ဘားအံသို့ ပြန်လည်ရောက်ရှိသီတင်းသုံးနေသည့်အတွက်၊ သူ့ဆီသို့ သွားကာ ၃၃-ရက်ကြာ ထပ်မံတရားထိုင်ဖြစ်ခဲ့ပါ၏။ ဘားအံမြို့ ဇီတောရပ်ကွက်ရှိ မဂ္ဂင်ရိပ်သာကျောင်းတွင် ဖြစ်၏။

နောက်၊ ဤ အချိန်ကာလအတွင်းမှာပင် ၁၃၂၅ခု၊ ၁၉၆၃-ခုနှစ်တွင် မဟာစည်ဆရာတော်ဘုရားကြီး၏ တပည့်ကြီးဖြစ်သူ ဂွတ္တလစ်သီရိဂုဏ်ရည်ရပ်ကွက်နေ ဆရာတော်ဦးစရိယသေက္ခအထံ၌ တစ်ဝါတွင်းကာလပတ်လုံး တရားအားထုတ်ခဲ့၏။ နောက်၊ သီတင်းဝါလကျွတ်လာသော အခါ၊ ကရင်ပရိယတ္တိကျောင်းသို့ ပြန်လာပြီး ခါတိုင်းလို စာချ၊ စာကြည့်ဖြင့် အင်္ဂလိပ်စာကိုပါ လေ့လာသင်ကြားပါ၏။ တစ်ဘက်ကလည်း အခြေအနေပေးရင် ပေးသလို တစ်ကိုယ်စာအတွက် အထိုင်အားထုတ်ဖြစ်သည်လည်း ရှိပါ၏။ လက်တွေ့အားထုတ်ခဲ့သော နည်းစနစ်များကိုလည်း မိမိတို့သင်ကြားထားသည့် စာပေများဖြင့် တိုက်ဆိုင်လေ့လာပါ၏။ ယင်းသို့ တိုက်ကြည့်ကိုက်ကြည့်စရာ စာများမှာ အဓိကအားဖြင့် ဓမ္မစကြာသုတ်ç အနတ္တလက္ခဏာသုတ်ç မဟာသတိပဌာနသုတ်ç ရောဟိတဿသုတ်စသည်တို့ ဖြစ်ကြ၏။ ဤသုတ်များကို မိမိတို့က ကွမ်းခြံကုန်းဆရာတော် အရှင်အာသဘ၏ ကျေးဇူးတော်ကြောင့် နုတ်တက်အာဂုံရှိထားကြပါ၏။ အထူးသဖြင့် မဟာသတိပဌာန အာနာပါနပဗ္ဗသည် ၀ိပဿနာဘာဝနာအတွက် တကယ့်ကျင့်ထုံးကျင့်နည်းပင် ဖြစ်နေသည်ကို တွေ့ရ၏။ ထို့ကြောင့်၊ ဤပါဠိတော်ကြီးကို အကောင်အထည်ဖေါ်လိုက်ပါလျှင် ဗုဒ္ဓအာဘော်ကျကျင့်ထုံးတစ်ရပ်ပါဟူ၍ ကောင်းကောင်းကြီး ယုံကြည်စိတ်ချနိုင်၏။ ယုံကြည်စိတ်ချထားပါ၏။ သည်တော့ ဤကျင့်ထုံးကို ရရှိလာခြင်း၏ဇစ်မြစ်ကို ခြေရာခံလိုက်သောအခါ ဆရာတော်အရှင်အာသဘိလင်္ကာရကို ထင်းထင်းကြီး မြင်တွေ့ရပါ၏။ ထို့ကြောင့် ဤသည်မျှာ အာစရိယဂုဏော အနန္တောပါတကားဟု ဆိုရပါ၏။

၎။ ။ရေးသားပြုစုသော ကျမ်းစာအုပ်များ။

ယင်းသို့လျှင်၊ ပရိယတ်ရော ပဋိပတ်ကိုပါ လေ့လာလိုက်စားသည့်အပြင်၊ စာရေးသည့်အလုပ်ကိုလည်း လုပ်ဆောင်ပါ၏။ သို့အတွက် ၁၉၆၇-ခုနှစ်တွင် ပဋိစ္စသမုပ္ပါဒ်အဖွင့်ကို စာရေးဆရာကြီးဦးပါရဂူ၏ ကျေးဇူးဖြင့် ရိုက်နှိပ်ထုတ်ဝေနိုင်ပါ၏။ နောက် ၁၉၆၈-ခုနှစ်တွင် သစ္စာတရားနှင့် မဇ္ဈိမလမ်းစဉ်၊ ၁၉၈၃-ခုနှစ်တွင် ဗုဒ္ဓ၀ါဒိဒဿန၊ ၁၉၈၄-ခုနှစ်တွင် အမြိုက်နိဗ္ဗာန်၊ ၁၉၈၉-အမြိုက်ရတနာ၊ ၁၉၉၂-အနှစ်ချုပ်အမြိုက်ကျင့်ထုံး၊ ၁၉၉၃- ၀ိပဿနာသင်တန်း-ယောဂီလက်စွဲ၊ ၁၉၆၉- အမြိုက်မူ၊မဇ္ဈိမပဋိပဒါကျင့်ထုံး၊ ၁၉၉၉-အမြိုက်မူ မဇ္ဈိမပဋိပဒါကျင့်ထုံး ၀ိပဿနာလမ်းညွှန်၊၂၀၀၇-ခုတွင် အင်္ဂလိပ်ဘာသာဖြင့် ပြုစုထားသည့် ၀ိပဿနာကျမ်းစာဠငဈျေညေေါ်ွှ့နှခငနညခန သ် င်္မနနိသ်ာမသှာက်နမငညါ. ၂၀၀၉-ခု ၇၅-နှစ်ပြည့် မွေးနှစ်ဓမ္မဒါနအတွက် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ဤကျမ်းစာကို မြန်မာဘာသာပြန်ဆိုပြီး ဒုက္ခ၀ဋ်တွင်း လွတ်ကင်းစေမည့် ၀ိပဿနာနည်းပညာဟု အမည်တပ်ထားသည့် ကျမ်းစာအုပ်တို့ကို ပြုစုထုတ်ဝေခဲ့ပြီး ဖြစ်၏။ ဆက်လက်၍လည်း ရေးသားပြုစုနေပါ၏။

၅။ ။အမြိုက်ကျောင်းသင်္ခမ်း။

ယင်းသို့နေထိုင်လုပ်ဆောင်လျက်ရှိနေစဉ် တူဖြစ်သူ ကိုညီနှင့် သူ့ညီမ ဆရာမနော်စိန်းရင်တို့က သုံးနှစ်ဆက်၍ ကိုယ့်ကိုပင့်သော်လည်း ကိုယ်ကမလိုက်ဘဲနေ၏။ သို့အတွက် ခြေခြေမြစ်မြစ် မသိရသူတစ်ပါးကို ပင့်သွားပြီး သင်္ကြန်တွင်းကာလ တရားထိုင်ကြမည်ဟု ဆိုလာကြ၏။ ဤတွင် ကမ္မဌာန်းရူးတွေ ဖြစ်ကုန်မှာ စိုးရိမ်ပြီး ၁၃၃၉၊ ၁၉၇၇-ခုနှစ်က သူတို့ဆီလိုက်ပါပြီး တရားပြရပါ၏။

တစ်ခါ၊ ဤနှစ်ထဲမှာပင်၊ ကျောင်းထိုင်ဆရာတော်ဦးရာဇိန္ဒ ပျံလွန်တော်မူပါသည်။ သို့ဖြစ်၍ ကျောင်းဂေါပကအဖွဲ့က မေတ္တာရပ်ခံလာသည်က တစ်ကြောင်း၊ မိမိကလည်း ၂၅-၀ါရလာပြီဖြစ်သည်ကတစ်ကြောင်းမို့ ကျောင်းထိုင်နာယကအဖြစ် တာဝန်ယူလာရပါ၏။ နောက် ၁၃၄၂-ခု၊ ၁၉၈၁-နှစ်က ဆရာတူတပည့်ဖြစ်သူ အရှင်မကုဋÓဏာဘိဝံသ။ တူတပည့်ဖြစ်သူ အဂ္ဂမဟာအကျော် အရှင်ဝိစိတ္တသာရတို့နှင့် တွဲဖက်ပြီး၊ တွံတေးမြို့တွင် အမြိုက်ကျောင်းသင်္ခမ်းကို တည်ထောင်ပြီး ပြောဟော၊ ရှင်းပြ၊ ညွှန်ကြား၊ အားထုတ်လာခဲ့ကြပါ၏။

၁၉၉၀-ခုနှစ်က ဖြစ်၏။ ကမ္ဘာ့ဝိပဿနာသာသနာပြု ဆရာကြီးဦးဂိုအင်ကာ၏ ပင့်ဖိတ်မှုဖြင့် မိမိအပါအ၀င် မြန်မာရဟန်းတော်ငါးပါး။ ဆရာကြီး ဦးပါရဂူ။ သာသနာရေး ဒုတိယ၀န်ကြီးဟောင်း ဦးကြည်ညွန့်။ ဓမ္မာစရိယဦးဌေလှိုင်။စာရေးဆရာမကြီး ခင်ဆွေဦးအပါအ၀င် ၂၉-ဦးပါ မြန်မာဗုဒ္ဓဘာသာအဖွဲ့သားတို့ ကမ္ဘာ့ဝိပဿနာဆွေးနွေးပွဲသို့ တက်ရောက်ရေးအတွက် ဣန္ဒိယနိုင်ငံသို့ လိုက်ပါတက်ရောက်ကြရပါ၏။ ဆယ်ရက်ကြာတရားထိုင်ကြ၊ ဆွေးနွေးပွဲတက်ရောက်ကြပြီး ဓမ္မဂီရိရိပ်သာမှအပြန်၊ ညည့်ဦးယံအခါ မွန်းဘိုင်းရှိ ဆရာကြီးဦးဂိုအင်ကာ၏ တိုက်အိမ်ရှေ့ လရောင်အောက်တွင် စပ်မိစပ်ရာ တရားစကားပြောကြ၏။ ဤတွင် မြတ်စွာဘုရားရှင်သည် သူတစ်ပါးကို တရားဟောရာတွင် ထိုသူကို မိမိ၏ တပည့်ဖြစ်စေလို၍ ဟောပြောနေခြင်း မဟုတ်ဘဲ၊ လောဘဒေါသ မောဟအမှူးရှိသော ကိလေသာများကို ပယ်သတ်စေလိုသည့် ရည်ရွည်ချက်ဖြင့်သာ တရားဟောပြောနေခြင်း ဖြစ်သည်။ ဟောပြသည့်အတိုင်း လိုက်နာကျင့်ကြံပါက စိတ်ဓာတ်ဖြူစင်သန့်ရှင်းကြမည်။ အသိÓဏ်တိုးပွါးကြမည်။ ကိလေသာများကို ပယ်သတ်နိုင်မည်ဟု နိဂြောဓပရဗိုဇ်အား ဟောကြားခဲ့၏။ ဟောကြားရာသုတ်မှာ ဥဒုမ္ဗရိကသုတ် ဖြစ်သည်ဟု ထင်ကြောင်း ကိုယ်ကဆို၏။ ထိုအခါ ထိုစကားဝိုင်း၌ပါရှိသူ ဓမ္မာစရိယဦးဌေးလှိုင်က ဒီဟာမှတ်သားဖို့ သိပ်ကောင်းတယ်ဟု ဆိုလာ၏။ ဤတွင် ဆရာကြီးက အနားရှိ သူ့တပည့်ဒေါက်တာပန့်ကို ကွန်ပြူတာထဲ သွားရှာပါဟု စေခိုင်းလိုက်၏။ ဒေါက်တာပန့်ကလဲ သုတ်ခနဲ ထသွားပြီး ၁၅-မိနစ်ခန့်အကြာတွင် ပြန်လာပြီး၊ ဒီဃနိကာယ် တတိယအုပ် စာမျက်နှာ ၄၇-ရှိ ဥဒုမ္ဗရိကသုတ်ပဲ ဖြစ်ပါတယ်ဟု အတည်ပြု၊ ပြောပြ၊ မှတ်ထားလိုက်ကြ၏။

ဤသို့လျှင် ၁၃-နှစ်အကြာ၊ ၁၉၉၃-ခုနှစ်တွင် တွံတေးမှ ရန်ကုန်သို့ ပြောင်းရွှေ့ပြီး လှော်ကားကန်မြောက်ဘက်ထိပ်နားတွင် အမြိုက်ကျောင်းသင်္ခမ်းကို ပြန်လည် တည်ထောင်ကြပါ၏။ ဤအမြိုက်ကျောင်းသင်္ခမ်းတွင် တစ်နှစ်လျှင် သုံးကြိမ်၊ တစ်ကြိမ်လျှင် ဆယ်ရက်၊ တစ်ရက်လျှင် အစီစဉ်ခုနစ်ရပ်ဖြင့်၊ ပြောဟောရှင်းပြခြင်းစာတွေ့ပရိယတ် သုံးကြိမ်၊ လက်တွေ့အထိုင် လေးကြိမ်ဖြင့်၊ အားထုတ်လာကြရာ ယခုဆိုလျှင် ကိုးဆယ့်နှစ်ကြိမ်မြောက် တရားပတ်ကို အောင်မြင်စွာ ကျင်းပအားထုတ်လာနိုင်ကြပါပြီ။ နွေရာသီတွင် ပါဝင်အားထုတ်သူ ငါးရာမှ ခြောက်ရာကျော်၊ မိုးရာသီတွင် လေးရာမှ ငါးရာကျော်၊ ဆောင်းရာသီတွင် ယောဂီသုံးရာခန့် ပါဝင်အားထုတ်ကြပါ၏။

နည်းစနစ်ကား အာနာပါနပဗ္ဗပါဠိတော်မြတ်ကြီးကို လက်ကိုင်ထား၊ အကောင်အထည်ဖေါ်၊ အားထုတ်ကြရသည့် နည်းစနစ်ပင်ဖြစ်၏။ ဤတရားပတ်ကာလများအတွင်း၊ ဤပါဠိတော်အရ သိရှိရသည့် ညွှန်ကြားချက် ဆယ်ရပ်။ ၀ိပဿနာ၏ ၀ိသေသထူးကဲချက် လေးရပ်။ ပညတ်နှင့် ပရမတ်။ နာမ်နှင့်ရုပ်။ အဖြစ်နှင့် အပျက်။ အပေါ်နှင့် အပျောက်။ ပျောက်ပျောက်သွားတာက အနိစ္စ။ မခံသာတာက ဒုက္ခ။ မအောင့်နိုင်တာက အနတ္တဖြစ်ပုံများ။ မဂ်တရားဖိုလ်တရား။ နိဗ္ဗာန်ရေးရာ သဘောသဘာဝတရားများ၏ ပရိယတ္တိစာပေလာ ပညာရပ်ဝေါဟာရတို့ကို မူတည်ပြီး အရပ်ထဲကလူတွေ နားလည်နိုင်သမျှ နားလည်လာအောင် ပို့ချ၊ ပြောဟော၊ ရှင်းပြကြပါ၏။

၆။ ။ဆူပါပါဝါ အမေရိကားသို့။

ဤနည်းဖြင့် သန်ရာဘက်မှနေ၍ မိမိသည် စာပေနှင့် တရားဟူသော သာသနာရေးအလုပ်ကိုသာ အဓိကထားပြီး၊ ဟိုဟိုဒီဒီ အပင့်အဖိတ်များသော်မှ မလိုက်ပါဘဲ နေလာခဲ့၏။ သို့အတွက် မိမိ၏ သာသနာရေးအလုပ်မှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်၊ ပြီးမြောက်လာပြီဟု ဆိုနိုင်ခြေလည်း ရှိလာပါပြီ။ မိမိနှင့်ဆရာတူ တပည့်ဖြစ်သူ ကွယ်လွန်သူဟန်မင်း၏ဇနီးသည် မစ္စစ်ဘွန်းနီကလည်း စပွန်ဆာပေးအပ်လာသည်။ ပါမောက္ခဆရာကြီး ဒေါက်တာ ဦးတင်ဟိန်းနှင့်လည်း အဖေါ်ရလာသည့်အတွက်ကြောင့် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်သွားဖို့ ဆုံးဖြတ်၏။ သို့ဖြင့် ကုန်လွန်ခဲ့သည့် ၂၀၀၉-ခုနှစ် မေလ ၂၅-ရက်နေ့က လေးနာရီကြာ လေယာဉ်စီးရသည့် ရန်ကုန်-တိုင်ပေမှတစ်ဆင ဆယ့်တစ်နာရီကြာ လေယာဉ်စီးရသည့် အမေရိကန်ပြည် စန်ဖရန်စစ္စကိုသို့ ဆိုက်ရောက်ပါ၏။ သုံးလမျှသာ နေမည်ဟု ဗီဇာလျှောက်ခဲ့သော်လည်း၊ လူဝင်မှုကြီးကြပ်ရေးအရာရှိက ကိုယ့်မျက်နှာကို တစ်ချက်မျှ မော်ကြည့်ပြီး ခြောက်လဗီဇာထုပေးလိုက်၏။ သို့အတွက် အမေရိကားတွင် တစ်ဝါဆိုခဲ့ပါ၏။

သို့ဖြင့်၊ ဆရာကြီး၏ သမီးလတ်ရှိရာ ကာလိဖိုးနီးယားပြည်နယ် စန်ဖရန်စစ္စကိုမြို့တွင် သုံးရက်။ မစ္စစ်ဘွန်းနီရှိရာ ၀ါရှင်တန်ပြည်နယ် စီအက်တယ် (သူတို့အသံထွက်အားဖြင့်မူ စီယာ့တော်) တကိုးမားမြို့တွင် သုံးရက်။ နောက် ဆရာကြီး၏ သမီးကြီးနှင့် သမီးထွေးတို့ရှိကြပြီး မြန်မာပြည်နီးပါးကျယ်ဝန်းသော တက္ကဆပ်ပြည်နယ် ရှူစတင်မြို့သို့ သွားရောက်ကြ၏။ ဤမြို့ရှိ ကျယ်ဝန်းလူရှင်းသော သမီးထွေးဇင်မာသင်း-ဖူဆစ်တို့အိမ်မှာ ဆယ်ရက်ကျော်ကြာ တည်းခိုနေပြီး၊ ကွတ်လမ်းရှိ အရှင်ဦးက၀ိန္ဒသိရီ၏ ဇေယျဝတီဗုဒ္ဓ၀ိဟာရတိုက်ခန်းကျောင်းသို့ ရွှေ့ပြောင်းလာ၏။ သူသည် မိမိတို့ ကရင်ပရိယတ္တိကျောင်းတွင် နေထိုင်ဝါဆိုဖူး၏။ ဆရာကြီးကား မိမိကို လိုက်ပို့ပြီး သူ့သမီးအိမ်သို့ ပြန်သွားကာ ဆစ်တီဇင်ကတ်လဲရေးအတွက် ဆောင်ရွက်၏။ နောက် ၀ါမဆိုမီ၊ ဦးက၀ိန္ဒနှင့်အတူ ဆရာကြီး၏ ညီအရင်း ဦးနေဒွန်းရှိရာ ဂျော်ဂျီယာပြည်နယ်မှ အတ္တလန်တာ ကာတာဗေးလ်၊ ထိုမှတစ်ဆင့် ၀ါရှင်တန် ဒီစီ၊ စောဝါးခို။ စောလေးနောင်တို့ရှိရာ အရှေ့ဗာဂျီးနီးယာပြည်နယ်၊ နယူးယောက်ရှိ မိတ်ဆွေကြီး အရှင်ဣန္ဒကတို့ကျောင်း၊ နောက် မြောက်ကာရိုလိုင်းနားရှိ အရှင်နန္ဒ၀ံသကျောင်းအလှူသို့ သွားရောက်ပြီး၊ ရှူစတင်မှာ ပြန်၍ ၀ါကပ်ကြ၏။ တစ်ခါ၊ ၀ါတွင်းကာလထဲမှာပင် ၀ါပန်ပြီး ရှီကာဂိုမှတစ်ဆင့် အင်ဒီးယားနားပြည်နယ်မှ ဦးကုသလတို့၏ ပို့-တ်ဝိန်းမြို့ရှိ ဝေဠုဝန်ကျောင်းသို့ သုံးရက်ကြာ သွားလည်ကြ၏။

ဤမြို့မှ သတင်းထူးတစ်ခုကို ပြောပြချင်ပါ၏။ အမေရိကားတွင် မြို့တိုင်းနေရာတိုင်းမှာကဲ့သို့ ဤပို့-တ်ဝိန်းမြိုးမှာလည်း အမည်းများရှိကြ၏။ ဤအကောင်တွေကို လူတွေက ရှောင်ကြ၏။ ဒုစရိုက်သမား ငပျင်းတွေသာ များကြ၏။ မြို့၏ ဆင်ခြေပုန်းတစ်နေရာတွင် မြန်မာရီဖြူဂျီတွေလည်းရှိကြ၏။ အမည်းတွေလည်း ရှိ၏။ တစ်ခါသော်၊ အလှပြင်ထားသော အမည်းမကလေးတစ်ယောက်က မြန်မာမကလေးတစ်ယောက်ကို ပြော၏။ ဟဲ့၊ ငါ့ရုပ်က မချောဘူးလားဟု မေး၏။ ဘယ်ကလာပြီး ချောရမှာလဲ။ မျောက်မနဲ့တောင်မှ တူသေးတယ်ဟု ပြန်ပြော၏။ ဤသည်မှစ၍ ကလေးချင်းရန်ဖြစ်ရာက လူကြီးတွေပါ ပါဝင်လာပြီး၊ ထိုးကြကြိတ်ကြဖြင့် ရန်ပွဲဖြစ်ပွါးလာ၏။ ဤသည်မှစတင်ပြီး ယင်းအမည်းတွေ အကုန်ပြောင်းရွှေ့ပြေးသွားကြသည်ဟူသော သတင်းထူးတစ်ခု ကြားသိခဲ့ရပါ၏။ သူတို့က ပြောသတဲ့။ ဒီမြန်မာ အကောင်တွေဟာ အညှော်သိပ်လုပ်တဲ့ အကောင်တွေတဲ့။ ဧကန္တ ဒီအကောင်တွေ မြန်မာ့လက်သီးဒဏ် မခံနိုင်၍ ထွက်ပြေးခြင်းဖြစ်နိုင်သည်ဟု ထင်ရပါ၏။

သို့ဖြင့်၊ သီတင်းကျွတ်ပါတော့မည်။ ၁၃၇၁-ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃-ရက်။ ၁၊၁၀၊၂၀၀၉။ ဤနေ့နံနက် ၅-နာရီက တက္ကဆပ်ပြည်နယ် ဘွတ်-ရှ် နိုင်ငံတကာလေဆိပ်မှ ဦးက၀ိန္ဒသိရီနှင့်အတူ ထွက်လာခဲ့ကြ၏။ သုံးနာရီ ဆယ့်ငါးမိနစ်ကြာ လေယာဉ်စီးပြီးနောက် လော့-စ် အင်ဂျလိမြို့ အဲင်တိုရီယိုလေဆိပ်သို့ ဆိုက်ရောက်ကြ၏။ နောက် အဇူဇာ ဆရာတော်အရှင်ဧသက စေလွှတ်လိုက်သော အကြိုကားဖြင့် မြို့တွင်းရှိ ဗြဟ္မ၀ိဟာရကျောင်းသို့ ဆိုက်ရောက်ကြ၏။ သံဃပ၀ါရဏာနှင့် အသံမစဲပဌာန်းပွဲအတွက် လာရခြင်းဖြစ်၏။ ကိုယ်ပဌာန်းမရွတ်ရ၊ ထေရ်ကြီးဖြစ်ခြင်းကြောင့်ဟု ဆို၏။ သို့သော်၊ အမေရိကန်တစ်နိုင်ငံလုံးရှိ ပင့်သံဃာ ၄၅-ပါးတို့ဖြင့် ပ၀ါရဏာပြုပွဲအပြီး၌ တစ်ကြိမ်၊ နောက် ဘားမီးစ်ကလပ်ဇစ် ယူကျုအင်တာနက်အတွက်နှစ်ကြိမ်၊ ပေါင်းသုံးကြိမ် တရားဟောပေးရ၏။

နောက်၊ တက္ကဆပ်ပြန်လာ၊ ကထိန်ပွဲကျင်းပအပြီး၊ တန်ဆောင်မုန်းလဆန်း ဆယ်ရက်၊ ၂၇-၁၀-၂၀၀၉ခုနှစ် ညနေက၊ ကိုယ့်နိုင်ငံကိုယ်ပြန်လာဖို့ ဇေယျဝတီဗုဒ္ဓ၀ိဟာရမှ လေဆိပ်၊ ထိုမှ လေးနာရီခွဲကြာ လေယာဉ်စီးပြီး၊ စီအက်တယ်လေဆိပ်ရောက်၊ ဟန်မင်းဘွန်းနီတို့၏သမီးအကြီးမ ကာရိုလိုင်းနှင့် ဘွန်းနီတို့ လာကြိုကြ၏။ ၂၈-ရက်နေ့ဆွမ်းစားအပြီး၊ နှစ်နာရီကျော်ကြာ ကားစီးပြီးနောက်၊ ဟန်မင်းဘွန်းနီတို့၏ သမီးအငယ်မ အဲင်ဘား နေထိုင်ရာ၊ အမေရိကနိုင်ငံ၏ အနောက်ဖျားစွန်ရှိ ပို့-တ်အိန်ဂျယ်မြို့သို့ ရောက်ရှိ၏။ နောက်တနေ့မနက်တွင် ထိုမှတဆင့် အနောက်ဘက်သို့ ဆက်သွားကြပြီး၊ နီးယားဘေးမြို့ ကမ်းနံဘေးမှနေ၍ ကြားခြားနေသော မြစ်ဝကြီး၏ မြောက်ဘက်ကမ်းကို လှမ်းကြည့်လျှင် ကနေဒါနိုင်ငံအစပ်ကို တွေ့မြင်ရ၏။ အနောက်ဘက်ကို ကြည့်လိုက်လျှင်ပါက မိုးမဆုံးမြေမဆုံး ပစ္စိဖိတ်သမုဒ္ဒရာရေပြင်ကျယ် တမျှော်တခေါ်ကြီးကိုသာ လှမ်းတွေ့မြင်ရ၏။

နောက်၊ ၂၉-ရက်နေ့တွင် စီအက်တယ်မှ လော့စ်အိန်ဂျလိမြို့ အဇူဇာမြို့နယ်ရှိ ဆရာတော်အရှင်ဧသကတို့၏ ကျောင်းသို့ ပြန်လည် ဆိုက်ရောက်ကြ၏။ နောက်၊ အမေရိကန်ရှိ အတော်ဆုံးမျက်စိခွဲကု ဆရာကြီးဆယ်ယောက်အနက် တစ်ဦးဖြစ်သူ ဒေးဒရဲမြို့သား ဆရာကြီး ဒေါက်တာဦးစံအေးဆီ လော့စ်အိန်ဂျလိသို့ ပြန်ရောက်ပြီဖြစ်ကြောင်း သတင်းပို့၏။ သို့အတွက် လိုအပ်တာတွေကို ပြုလုပ်ပြီး၊ နိုဝင်ဘာလ ၉-ရက်နေ့တွင် မေ့ဆေးဆရာဝန်ကြီး ဒေါက်တာဦးညွန့်လွင်နှင့်တွဲဖက်ပြီး ကိုယ့်ဝဲဘက် မျက်စိကို ဆရာကြီးဒေါက်တာစံအေးတို့ ခွဲစိပ်၊ ကုသကြ၏။ ၃-၄ ရက်ကြိုတင်ပြဆင်မှုများအတွက် အဘယ်မျှကုန်ကျထားကြောင်း ကိုယ်မသိ၊ ဤခွဲစိပ်သည့်နေ့ တစ်ရက်တည်းအတွက်ပင်လျှင် ဒေါ်လာတစ်ထောင်တိတိ ကုန်ကျသည်ဟု သိရ၏။ ဆရာကြီးဒေါက်တာဦးစံအေးက ဤအကုန်အကျအားလုံးအတွက် တာဝန်ယူ၊ လှူဒါန်း၏။

၇။ ။ပြည်တော်ပြန် ခရီး။

ထို့နောက်၊ ၂၀၀၉-ခုနှစ် နိုဝင်ဘာလ ၁၆-ရက်နေ့နံနက် ၅-နာရီက၊ လော့စ်အင်ဂျလိမြို့ ဗြဟ္မ၀ိဟာရမှ ထွက်လာကြပြီး၊ လေဆိပ်ရောက်၊ ခုနစ်နာရီမှာ လေယာဉ်ထွက်၊ ရှစ်နာရီခွဲခန့်တွင် စန်ဖရန်စစ္စကို ရောက်၊ ၀မ်းကွဲညီအစ်ကိုတော် ကိုတင်ရွှေခေါ် ဖိုးနီတွတ်တို့ ဇနီးမောင်နှံ လာရောက်ကြိုဆိုကြ၏။ နောက် ဒေးလီစစ်တီရှိ ဦးတေဇ၀န္တကျောင်းသွား ဆွမ်းစား၊ ခဏနား၊ ဟပ္ပမွန်ဘေးရှိ ဓမ္မာနန္ဒကျောင်းသွား၊ ဦးက၀ိန္ဒက ယဉ်ကျေးမှုသင်တန်းစာအုပ်တွေ ယူလာခဲ့၏။ ဒေးလီးစစ်တီပြန်နား၊ ညခုနစ်နာရီခွဲခန့်တွင် ဆရာမကြီးဒေါက်တာရီနာဆာကားဆီ သွားလည်အပြီး၊ ကိုးနာရီထိုးမှာ လေဆိပ်သို့ ဆင်းကြ၏။ ညဆယ်နာရီတွင် လိုက်ပို့ကြသူ ဦးက၀ိန္ဒသိရီ။ ဖိုးနီတွတ်တို့နှင့် လူစုခွဲကြပါသည်။

နောက်၊ ဆယ့်ခြောက်ရက်နေ့ည ဆယ့်နှစ်နာရီထိုးပြီး၊ ဆယ့်ခုနစ်ရက်နေ့သို့ ငါးမိနစ်အရောက်တွင် ၇၄၇-ဘိုးအင်းလေယာဉ်ကြီး စန်ဖရန်စစ္စကိုမှ ထွက်ပြီး၊ တစ်ညလုံး ခရီးနှင်ပျံသန်းလာခဲ့၏။ နောက်တစ်နေ့ (ဆယ့်ခုနစ်ရက် မဟုတ်ဘဲ၊ ဒိတ္တလိုင်းအရ) ဆယ့်ရှစ်ရက်နေ့နံနက် ရှစ်နာရီခန့်တွင် တိုင်ပေရောက်၊ လေဆိပ်အတွင်းသို့ ဆင်းနားကြပြီးလျှင်၊ ကိုးနာရီထိုးတွင် တိုင်ပေမှ လေယာဉ်ထွက်၊ နေ့လည်တစ်နာရီအချိန်တွင် ကိုယ့်မြေပေါ် ကိုယ်ပြန်လည်၍ ခြေချ၊ ပြန်ရောက်လာခဲ့ပါပြီ။ ရန်ကုန်-တိုင်ပေမှတစ်ဆင့်၊ အမေရိကန်သွားရောက်ပြီး ကိုယ့်နိုင်ငံပြန်ရောက်လာသည့် ဤခရီးစဉ်တွင်၊ စီးနင်းလိုက်ပါရသည့် လေယာဉ်ခရီးစဉ် အတိုရောအရှည်ပါ အခေါက်ပေါင်း ဆယ့်ခုနစ်ကြိမ် ရှိခဲ့ပါ၏။ အချိန်ကာလအားဖြင့်မူ၊ ခြောက်လမပြည့်မီ တစ်ပတ်အလို၊ ငါးလနှင့် ရက်သတ္တသုံးပတ် ကြာမြင့်ခဲ့ပါ၏။ နေမကောင်း မကျန်းမာ ဘာမျှမဖြစ်။ ကံကောင်းပါ၏။ ၀မ်းသာရပါ၏။ အသက်က ၇၆-နှစ်။

ယင်းသို့လျှင်၊ ဤခရီးစဉ်အတွက် ကုန်လွန်ခဲ့ရသည့် အချိန်ကာလç ကုန်ကျရသည့် ငွေကြေးç ကုန်ခမ်းရသည့် ခွန်အားများအတွက် အဘယ်အကျိုးကျေးဇူးများ ရရှိလာပါသနည်း။ ကမ္ဘာပေါ်တွင် ဓနအင်းအားရော စစ်ရေးအင်အားပါ အကြီးကျယ်ဆုံး ဆူပါပါဝါ ဖြစ်ပါသည်ဆိုသော နိုင်ငံကြီးသို့ ကိုယ်တိုင်ရောက်ရှိခဲ့ဖူးပါပြီ။ ကုန်ဆုံးသွားရသည့် အချိန်နှင့် အင်အားများ ကုန်ခမ်းရကျိုးနပ်ရေးအတွက်၊ အလည်အပတ်သက်သက် လာတာမဟုတ်ç တရားနာချင်တရားထိုင်ချင်သူတွေအတွက်လာတာç ဒါ့ကြောင့် တရားထိုင်ချင်တရားနာချင်သူတွေရှိမှ လာမယ်ç ဒါမှမဟုတ်ရင် မလာဘူးç မပင့်နဲ့ဟု ဈေးတင်ထားလိုက်၏။ အတိုင်းအတာတစ်ခုအထိ ဈေးတင်ရကျိုးနပ်ပါသည်ဟု ဆိုနိုင်ခြေ ရှိပါ၏။ သူတို့ရရှိလာသည့် အချိန်နာရီç သူတို့၏ စီးပွါးရေးအခြေအနေç သူတို့ ရုန်းကန်လှုပ်ရှားမှုများအရ၊ သူတို့၏ တုန့်ပြန်မှုကို လက်ခံနိုင်ရပါ၏။ ကိုယ်ကလည်း သူတို့ဘက်ကနေပြီး ထည့်သွင်း၊ စဉ်းစား၊ လက်ခံ၊ နားလည်ပေးရပါ၏။ ထို့ကြောင့် ရောက်ရာအရပ်မှာ ရရှိလာတဲ့အချိန်ကာလအတွင်း သူတို့အတွက် အကျိုးရှိစေနိုင်မည့်အကြောင်းအရာç သူတို့နားလည်နိုင်မည့် စကားလုံးဝေါဟာရများဖြင့် တတ်သမျှမှတ်သမျှ ပြောဟော၊ ရှင်းပြခဲ့ပါ၏။ သို့အတွက် ရန်ကုန်လိုနေရာက တက်လာပြီး ဒီစကားလုံးတွေနဲ့ ဒီအကြောင်းအရာတွေကို နားလည်လာအောင် သုံးနှုံးပြောပြနိုင်တယ်ဆိုရင် တော်တာပဲဟု မြှောက်ပေးလာကြတာ ကြုံရကြားရပါ၏။ ပြီးတော့လည်း၊ တကိုးမားက ဘွန်းနီတို့အိမ်ç ပို့-တ်အိန်ဂျယ်က အဲန်းဘားတို့အိမ်တို့မှာ ညဥ့်ဦးယံအခါ စပ်မိစပ်ရာ ပြောဆိုကြရာမှ၊ စကားလမ်းကြောင်းက တရားသဘောထဲ ၀င်လာတဲ့အခါ အလွတ်မပေးစတမ်း တတ်သမျှ မှတ်သမျှ ဘရွတ်ကင်းအင်္ဂလိပ်နဲ့ မှုတ်ရပါ၏။ ဒီဝမ်းသာဆင်းရဲတာတွေဟာ ရောက်လာပြီးရင် ပြန်ထွက်သွားတာပဲ၊ အမြဲမရှိ၊ အမြဲမနေပါဘူး၊ တစ်ခဏသာ လာနေတာပါ၊ ဧည့်သည်တွေပါ။ အဲဒါတွေကို ရှင်းပြသိရှိစေချင်လို့ ယခုလို လာရောက်တာဖြစ်တယ်စသဖြင့် ပြောဆိုရှင်းပြရ၏။ ထိုအခါ သူတို့က ပြော၏၊ ဒီစကားလုံးတွေကို တို့တောင် မသိဘူး၊ နားမလည်ခဲ့ဘူး။ ခုလိုသိရလို့ ကျေးဇူးတင် ၀မ်းသာပါတယ်စသည်ဖြင့် ဆိုလာကြပါ၏။ ဥပမာ၊မြန်မာလိုက လောကဓံလို့ဆိုရပြီး သူတို့အင်္ဂလိပ်လို ဘာသာပြန်ရင်ဖြင့် ဗစ်စစ်စီကြုဟုဆိုရပါ၏။ ဤပြောဟော၊ရှင်းပြချက် များကြောင့်ဲပဲ ဖြစ်ပါမည်။ လူချင်းမခွဲမီမှာပင် အဲန်ဘားက ကိုယ့်ရှေ့မှာ ယခုလို ဆိုလာပါ၏။ တပည့်တော် အရက်ကော ဆေးလိပ်ပါ သောက်တတ်ပါတယ်။ ဒါပေမဲ့ ခုကစပြီး နောက်ကို မသောက်တော့ဘဲ ရှောင်ကြဉ်ပါတော့မည်ဟူ၏။ သာဓုခေါ်ပါသည်။ ၀န်ခံချက်ကတိစကားအတိုင်း တည်ကြည်အောင် စောင့်စည်းပါ။ စောင့်စည်းရင် ကောင်းကျိုးခံစားရပါမည်။ မစောင့်စည်းရင်နိုင်တော့ ဆိုးကျိုးခံစားလာရမည်ဟု သတိပေးခဲ့ရ၏။

တစ်ခါ၊ ဂျော်ဂျီယာ။ မြောက်ကာရိုလိုင်နားနှင့် အင်ဒီယားနား ပို့-တ်ဝိန်းတို့မှာ သုံးရက်စီ၊ ၀ါဆိုရာ ရှူစတင် (မြန်မာအသံထွက် ဟူစတန်)မှာ တနင်္ဂနွေ ငါးပတ်ကြာ စနေငါးရက်တို့တွင် နေ့ဆွမ်းများ ဘုဉ်းပေးအပြီး၊ သူတို့မြန်မာမိတ်ဆွေတစ်သိုက် စားသောက် သိမ်းဆည်းပြီးသော အခါ၊ မိနစ်လေးဆယ်ကြာ တရားထိုင်ကြ၏။ နောက် သူတို့ သိချင်မေးချင်တာတွေအတွက် ရှင်းပြ၊ ဖြေကြား၊ ဟောပြတာတွေက တစ်နာရီ၊ တစ်နာရီကျော်ကြာပါ၏။ ထို့ပြင်၊ ကိုယ်ပြန်လာသည့်အခါ သူတို့ဘာသာသူတို့ တရားထိုင်တတ်ရှုတတ်အောင်ဆိုပြီး အနှစ်ချုပ်ထိုင်ပုံရှုနည်း များကိုလည်း ပြုစု၊ ပေးအပ်ထားခဲ့ရပါ၏။ ဘွန်းနီတို့ သားအမိများအတွက်လည်း အင်္ဂလိပ်ဘာသာဖြင့် ပြုစု၊ ပေးအပ်ထားခဲ့ရပါ၏။

ဤမျှလောက် အခြေအနေ ရလာဖို့သော်မှ သူတို့တတွေ အတော့်ကို ကြိုးစားကြရ၊ စီစဉ်ကြရပါ၏။ ထို့ကြောင့် သူတို့ကို ပြောရပါ၏။ ဒီမှာ ရောက်ရှိနေသူ ခင်ဗျားတို့တတွေက ပိုက်ဆံချမ်းသာကြပေမဲ့၊ ကုသိုလ်မွဲကြ၏။ ကျုပ်တို့မြန်မာပြည်က လူတွေကတော့ ပိုက်ဆံမချမ်းသာကြပေမဲ့၊ ကုသိုလ်တော့ ချမ်းသာကြ၏။ ဘာ့ကြောင့်လဲဆိုရင် ဒါနသီလကုသိုလ်ရော ၀ိပဿနာဘာဝနာကုသိုလ်ပါ အခက်အခဲမရှိ ရယူ၊ ဆည်းပူးနိုင်ကြတဲ့အတွက် ဖြစ်သည်ဟု ဆိုခဲ့ပါ၏။